မုဒုံ ဇွန် ၁၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ယမန်နေ့က ကျေးရွာခြောက်ရွာ၌ ထုတ်ချေးပေးခဲ့သည်။
ထိုသို့ထုတ်ချေးပေးရာတွင် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်၊ မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေစာရင်းများကို စနစ်တကျ မှတ်တမ်းပြုစု ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီအဖွဲ့ဝင်များက ဝဲကလိ၊ အဘစ်၊ ထုံမံ၊ ဒိုးမား၊ ဖယ်ဒို၊ ကမာအုပ်ကျေးရွာများရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်သူ အသင်းဝင် ၆၃၃ ဦးအား ချေးငွေကျပ် စုစုပေါင်း (၃၁၁ ဒသမ ၉၆) ကျပ်သန်းအား လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)
