ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃)နှစ်ဆက်တိုက် စံချိန်တင်တံခွန်စိုက်ဆုများ ရရှိခဲ့ကြသော ပြည်နယ်လက်ရွေးစင်အောင်ပွဲရ ဂျူဒိုအသင်းအား စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား ဇွန် ၁၁

၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် အမျိုးသား၊ အမျိုးသမီးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ရွှေတံဆိပ် (၈)ခု၊ ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ် (၅)ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက်၊ စုပေါင်းတံခွန်စိုက်ဆုများနှင့် အကောင်းဆုံးအမျိုးသမီးကစားသမားဆုများရရှိခဲ့သည့် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းသည် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြရာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။

ထိုသို့ဂုဏ်ပြုကြိုဆိုရာတွင် မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာအကအလှများ၊ ဘင်ခရာအဖွဲ့တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြပြီး လေဆိပ်မှ ပြည်သူ့အားကစားကွင်းအထိ လမ်းတစ်လျှောက်တွင်လည်း ရပ်ကွက်နေ ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများက အောင်ပွဲရ ရွှေလက်ပိုင်ရှင် ဂျူဒိုအသင်းအား ဂုဏ်ပြု ကြိုဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး အိုးစည်ဗုံမောင်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြို ဆိုခဲ့ကြသည်။

ယင်းနောက် လက်ရွေးစင်အသင်းအား ဂုဏ်ပြုကြိုဆိုချီးမြှင့်မည့် ပြည်သူ့အားကစားကွင်းရှေ့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ဘင်ခရာအဖွဲ့နှင့်အတူ ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေပန်းတို့ဖြင့် ကြိုဆိုခဲ့ကြပြီး မိုးလုံလေလုံ အားကစားခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အောင်ပွဲရဂျူဒိုအသင်းက ဆွတ်ခူးရရှိ ခဲ့သည့် အောင်နိုင်ရေးအလံနှင့် တံခွန်စိုက်ဆုဖလားများအား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းအပ်နှံ ပေးအပ်ခဲ့ကြသည်။

ယင်း‌နေက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ (၃)နှစ်ဆက်တိုက် စံချိန်တင်အောင်မြင်မှုများ ရရှိရေး အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတံခွန်စိုက် ဒိုင်းဆုကို လက်လွှတ်ခဲ့ရသော်လည်း ရွှေတံဆိပ်(၇)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆုများ အပြင် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုကိုလည်း ထပ်မံရရှိခဲ့ပြီဖြစ်သည့်အတွက် မိမိတို့ ပြည်နယ်အတွက် သမိုင်းတင်သည့် သမိုင်းဝင်အောင်မြင်မှုဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လက်ရှိပြိုင်ပွဲ၏ (၃)နှစ်ဆက်တိုက် ပြိုင်ဘက်မရှိ အဆင့်(၁)နေရာကို ထိုက်တန်စွာ အနိုင်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပြည်နယ်၏ ဂုဏ်ကိုသမိုင်းဝင်မှတ်တမ်းတင်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ် ဂျူဒိုအသင်းအနေဖြင့် ယခုကဲ့သို့ပင် လာမည့် အမျိုးသားအားကစားပွဲတော်တွင်လည်း ရပြီးသား အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အတူတကွ ကြိုးစားကြရန်လိုကြောင်း ကြိုဆိုဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ အောင်ပွဲရ ဂျူဒိုအသင်းအုပ်ချုပ်သူနှင့် နည်းပြတို့က ပြိုင်ပွဲအတွေ့အကြုံများနှင့် ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆုတံဆိပ်များ ဆွတ်ခူးရယူနိုင်ခဲ့မှု အခြေအနေများ ကို အသီးသီး ရှင်းလင်းတင်ပြကြသည်။ ထို့နောက် အောင်ပွဲရဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမျိုးသားတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆုများ၊ အကောင်းဆုံးအမျိုးသမီးဆုရ အားကစားသမားနှင့် ရွှေ၊ ငွေ၊ ကြေးတံဆိပ် ဆုရအားကစားသမားများအား စုစုပေါင်းငွေကျပ် (၁၈၉)သိန်းနှင့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ်သိန်း (၄၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ကြိုဆိုဂုဏ်ပြုရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသည့် အကအဖွဲ့များ၊ ဘင်ခရာအဖွဲ့များအတွက် ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ အောင်ပွဲရဂျူဒို အသင်းကိုယ်စားအားကစားသမား (၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ လက်ရွေးစင်ဂျူဒိုအသင်းနှင့် အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ အစိုးရ အဖွဲ့တို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေး၊ အပြန်အလှန်ဖလှယ်နိုင်ရေး၊ ပူးပေါင်း ဆောင်ရွက်မှုအားကောင်းလာသည်နှင့်အမျှ နှစ်နိုင်ငံပြည်နယ်နှစ်ခု သာယာဝပြောဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်‌ရေး စာချွန်လွှာ(မူကြမ်း)ကို အတည်ပြုချုပ်ဆိုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် စာချွန်လွှာ (စာချုပ်မူကြမ်း) ပါ သဘောတရားများ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အချက်အလက်များ၊ ဆောင်ရွက်နိုင်သည့် စနစ်များ၊ စာချွန်လွှာပြုပြင်ခြင်းနှင့် ဖြည့်စွက်ခြင်း၊ ဖြေရှင်းခြင်းနှင့် ဆောင်ရွက်ခြင်း၊ အကျုံးဝင်သည့်ကဏ္ဍများစသည့် အခန်းကဏ္ဍတစ်ခုချင်းအလိုက် ကော်မတီဝင်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး အသေးစိတ်ဝိုင်းဝန်းဆွေးနွေး အကြုံပြုတင်ကြရန်လိုကြောင်းတိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့် နုကျန်းပြည်နယ်ခွဲမှ တင်ပြဆွေးနွေးလာမှုများအပေါ် ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်ဥပဒေချုပ်က စာချွန်လွှာ (မူကြမ်း) ပါ အချက်များအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်စေရေးအတွက် လည်းကောင်း၊ ကော်မတီအတွင်းရေးမှူးက နားလည်မှုစာချွန်လွှာ (မူကြမ်း) ပါ အချက်အလိုက်၊ ကဏ္ဍအလိုက်လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက်၊ အချက်အလက်များအလိုက် အကြုံပြုသုံးသပ် ဆွေးနွေးတင်ပြရာ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ‌ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)