ကျိုင်းတုံတက္ကသိုလ်၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

ကျိုင်းတုံ ဇွန် ၁၀

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်သွင်နှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်တို့က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများကျူးလွန်ပါက ချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အကြောင်းအရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်က ဟောပြောဆွေးနွေးသည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး ကျိုင်းတုံခရိုင်ပြည်သူ့စာအကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အလားတူ ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ဝမ်နားခမ်း၊ အခြေခံပညာအလယ်တန်းကျောင်း၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အဖွဲ့ဝင် ဦးထွန်းသိုက်က မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေး‌အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)