မိုးညှင်း ဇွန် ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာ မိုးစပါးစိုက်ဧက (၁၃၆၇၈၉)ဧကထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၁၃၆၇၈၉)ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများတိုးပွားလာစေရေး၊ စိုက်ပျိုးထုတ်လုပ်မှုအရည်အသွေးများ ကောင်းမွန်ပြီး ပြည်တွင်းပြည်ပဈေးကွက်များတွင် တိုးချဲ့လာနိုင်စေရေးတို့အတွက် အသိပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ မိုးစပါး Seeder စိုက်ပျိုးနည်းစနစ်များ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်ခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၀)ရှိ၍ ဒေသရေမြေသဘာဝထွက်ရှိမှု၊ ဝယ်ယူမှု၊ စားသုံးမှုနှင့်ကိုက်ညီသော အထွက်ကောင်း မျိုးသန့်စပါးဖြစ်သည့် ဆင်းဧကရီ-၃ မျိုးစပါးကို တောင်သူများက အများဆုံး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကြပြီး အခြားစပါးမျိုးများဖြစ်သည့် ငွေတိုး၊ ကောက်ညှင်းစသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးကြလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း