နေပြည်တော် ဇွန် ၁၀
၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်ဖူဆယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ဖူဆယ်အားကစားသမားများအချင်းချင်း ရင်းနှီးချစ်ကြည်မှုပိုမိုရရှိစေရေး၊ ဖူဆယ်အားကစားနည်းများ ပြန့်ပွားလာစေရေး၊ လူငယ်များ ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ဝင်စားလာပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရပ်ကွက်/ကျေးရွာများမှစ၍ မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ယနေ့ကျင်းပသည့် မြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲတွင် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပြိုင်ပွဲကောင်းတစ်ခုဖြစ်ကြောင်း၊ ဖူဆယ်အားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်း ကျွမ်းကျင်မှု၊ လျင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့် ကြံ့ခိုင်မှုတို့ ပြည့်ဝရန်လိုသည့်အပြင် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိ အပေးအယူမျှမျှနှင့် ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းဖြစ်သည့်အတွက်ကြောင့် တစ်ဦးချင်းရော၊ အသင်းအလိုက်ပါ စုစည်းညီညွတ်ဖို့လိုအပ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားကြပြီး မိမိတို့အသင်းအနိုင်ရရှိရေး စွမ်းစွမ်းတမံ ကြိုးစားယှဉ်ပြိုင်ကြစေလိုကြေင်း၊ ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေစေလိုကြောင်း၊ နိုင်ငံတော်မှအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် နေပြည်တော်ဂုဏ်ဆောင် ဖူဆယ်လက်ရွေးစင်အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက် (၂၅) နှစ်အောက် ဖူဆယ်ပြိုင်ပွဲအုပ်စုပွဲစဉ်အဖြစ် ပျဉ်းမနားမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို ဇွန် ၁၀ ရက်မှ ၁၄ ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)