မောက်မယ် ဇွန် ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လွိုင်မွန်းတောရကျောင်း ဆရာတော်၏နှစ်စဉ်ကျင်းပမြဲဖြစ်သော နေ့/ညအသံမစဲမဟာ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် ပျံလွန်တော်လေပြီးသော လွိုင်မွန်းတောင်တောရကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအား (၂၅) နှစ်မြောက် ပူဇော်ကန်တော့ခြင်းအခမ်းအနားကို ယနေ့နေ့လယ်(၁၂)နာရီက အဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကိုတက်ရောက်လာသူများက နမောတဿသုံးကြိမ်သံပြိုင်ရွတ်ဆိုဘုရား ကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဌဆရာတော်ထံမှ(၅)ပါးသီလခံယူဆောက်တည်ကြပြီး မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဇွန်လ (၅) ရက်နေ့ မှ (၁၀) ရက်နေ့အထိ နေ့/ညအသံမစဲ ရွတ်ဖတ်ပူဇော် ကျင်းပခဲ့ပြီး၊ ပျံလွန်တော်လေပြီးသော လွိုင်မွန်းတောင်တောရကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအား (၂၅) နှစ်မြောက် ပူဇော်ကန်တော့ခြင်းအခမ်းအနားကျင်းပ ရေစက်သွန်းချတရားတော်နာပွဲကို ရပ်ကွက်အတွင်း ရှိအလှူရှင်များတို့က ပင့်ဖိတ်ထားသည့် သံဃာတော်များအား နေ့လယ်ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်၊ ဝတ္ထုငွေများဆက်ကပ်လှူဒါန်း၍လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက် ပြီးအခမ်းအနားသို့ ကြွရောက်လာကြသောဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)