တာမွေမြို့နယ်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်သို့ ဆွမ်းဆန်တော်များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

တာမွေ ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်သို့ ရောက်ရှိကာ ကျောင်းရှိ ဆရာတော်/သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် ဆွမ်းဆန်တော်များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာသီရိလင်္ကာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမိကအား ဖူး‌မြော်ကြည်ညို၍ မြို့နယ်အတွင်း ဆောင်ရွက်နေသည့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အဆိုပါကျောင်းတိုက်ရှိ ဆရာတော်/သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် ဆွမ်းဆန်တော်များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် အဆိုပါကျောင်းတိုက်၌ ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ စတုတ္ထနေ့ ဖြေဆိုနေမှု အခြေအနေများအား ဖူးမြော်ကြည်ညိုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ အဆိုပါ ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ (၇) ရက်နေ့မှ ဇွန်လ (၁၁) ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂) နာရီမှ ညနေ (၄) နာရီအထိ (၅) ရက်တိုင်တိုင် အုပ်စု(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၇)၊ (၈) စသည်ဖြင့် အုပ်စုများခွဲ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သတင်းရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)