နေပြည်တော် ဇွန် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းနေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်၊ ထက်မြက်စွာ ဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းတွင် သင်ကြား ပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများက ရုံးလုပ်ငန်းသဘောတရား၊ ရုံးစာရေးသားနည်း၊ စာပေးစာယူ၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ လုပ်ငန်းမှတ်တမ်း ရေးသားခြင်းနှင့် လုပ်ငန်းစီမံချက် ရေးသားခြင်းအကြောင်းတို့ကို သင်တန်းသူ/သင်တန်းသားများအား ဇွန်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်အတွင်းရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တက်ရောက်ကြသည်။ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ယခုသင်တန်းအပြင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် အထောက်အကူဖြစ်စေမည့် အခြားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)