ပုဗ္ဗသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ ဇွန် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ဓမ္မာရုံ၌ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေး ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းနိုင်စိုးက မိုးရာသီကာလတွင် ဖြစ်ပွားတတ်သောရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများ၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သောပစ္စည်းများ၊ ခြင်ပေါက်ပွားမှုမရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမရှိစေရေး တို့ကို ပြည်သူများအား အသိပညာပေးဟောပြောခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်းများက ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းနိုင်စိုး၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဥတ္တရခရိုင် ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၉၅) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)