ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

မိုင်းယန်း ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောင်းသူ/ကျောင်းသားများအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦးက ကလေးသူငယ်များ၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှုဆိုင်ရာ အကြောင်းရင်းများ၊ ကလေးသူငယ်များအပေါ် မတရားညင်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ချမှတ်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်၊ ငွေဒဏ်များ၊ ကလေးသူငယ်များနှင့်ပတ်သက်ပြီး ဥပဒေများ၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ စသည့် အကြောင်းအရာများဖြင့် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ များအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး