ပင်းတယမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ပင်းတယ ဇွန် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ဟော်ကုန်းရပ်ကွက်ရှိ အမှတ် (၁) မူလွန်အခြေခံပညာမူလကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုကြစေလိုကြောင်း၊ အားလပ်သည့်အချိန် အကျိုးရှိစွာစာပေများ ဖတ်ရှုလေ့လာကြရန်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးသည်။

ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ဟောပြောပေးပြီး လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး ဗီဒီယိုကလစ်အား ပြသပေးခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများက အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)