စဉ့်ကိုင်မြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့်ဂဏန်း (၁၀)လုံးပါ Unique IDများ ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်

စဉ့်ကိုင် ဇွန် ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဦးစီးဌာနမှူးရုံးမှမြို့နယ်ဦးစီးမှူး ဉာဏ်စိုးနှင့်ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့်ဂဏန်း (၁၀)လုံးပါ Unique ID များ ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်လဝက ဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို စဉ့်ကိုင်မြို့နယ် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၃)အုပ်စုရှိ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မှီခိုသူမိသားစုများ၊ စက်ရုံအလုပ်ရုံမှ အလုပ်သမားများနှင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများ၏ လူမှုစီးပွားရေးကိစ္စရပ်အသီးသီးဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်လာစေရန် မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို တစ်နေရာတည်းတွင် စိစစ်နိုင်သည့်တစ်ခုတည်းသော ဂဏန်း(၁၀)လုံးပါ UID နံပါတ်များ ထုတ်ပေးခြင်း၊ E-Government အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်သည့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ပေးလျက်‌ရှိကြောင်း၊ (၁၀.၆.၂၀၂၄) ရက်နေ့အထိ ကောက်ယူရရှိပြီးသူ စုစုပေါင်း (၄၁၃၅၂) ဦး ရှိပြီးဖြစ်ကြောင်းနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသော ပြည်သူများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကိုင်မြို့နယ်လဝကဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)