နမ့်စန်(တ) ဇွန် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(လွိုင်လင်)မှ တာဝန်ရှိသူများ က ဇွန်လ ၇ ရက်နေ့မှ စတင်၍ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧက ကျပ်တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံတစ်ဧကကို ကျပ်တစ်သိန်းနှုန်းဖြင့် စပါး ၄၈၀၀ ဧက ၊ အခြားသီးနှံ ၄၃၀၀ ဧက၊ စုစုပေါင်းတောင်သူ ၁၁၅၀ ဦးအတွက် ငွေကျပ်သိန်းပေါင်း ၁၁၅၀၀ ထုတ်ပေးနိုင်ရန်လျာထားပြီး ဇွန်လ ဆန်းမှစ၍ စတင်ထုတ်ချေးခဲ့ကာ ဇွန်လ ၉ ရက်နေ့ထိ ဟိုနောင်အုပ်စု၊ မက်မွန်မုန်းအုပ်စု၊ ဝမ်ပိန်းကျေးရွာအုပ်စုနှင့် ခိုလမ်မြို့ ရပ်ကွက်(၁)နှင့် (၆) တို့မှ တောင်သူစုစုပေါင်း ၁၈၁ ဦးအတွက် ငွေကျပ်သိန်းပေါင်း ၁၉၂၀ ကျော် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်အတွင်းရှိ ကျန်ရှိသောကျေးရွာအုပ်စုများမှ တောင်သူများကိုလည်းအမြန်ဆုံး ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ(လွိုင်လင်)မှ ခရိုင်မန်နေဂျာ ဦးဇော်မင်းခိုင် ထံမှသိရသည်။
သူရအောင်(နမ့်စန်)