မြင်းခြံမြို့၌ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းနှင့် အသစ် ထိုးနှံပေးလျက်ရှိ

မြင်းခြံ ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းနှင့် အသစ်ထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မေလ (၂၃) ရက်နေ့မှစတင်ကာ မြင်းခြံပြည်သူ့ဆေးရုံခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းနှင့် အသစ် ထိုးနှံပေးခြင်းကို မေလ (၂၃)ရက်နေ့မှစပြီး မြင်းခြံပြည်သူ့ဆေးရုံမှာ ထိုးနှံခဲ့ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ဇွန်လ (၂၀) ရက်နေ့အထိ ထိုးနှံပေးသွားမှာပါ။ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းနှင့် အသစ်ကို အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၄၀ နှစ်နှင့် အသက် ၆၀ အတွင်းရှိ နာတာရှည်ရောဂါခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်များနှင့် အသက် ၆၀ အထက်ပြည်သူများ စုစုပေါင်း (၁၅၇၅) ဦးတို့အား ထိုးနှံပေးသွားမှာဖြစ်ပါတယ်”ဟု ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်မာသန်းထွန်းက ပြောကြားခဲ့သည်။

Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းနှင့် အသစ် ထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံပြီးသည့်သူများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။       

ကျော်စွာ(မြင်းခြံ)