လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၇) နာရီ၌ အမှတ် (၇) ရပ်ကွက်၊ ဦးပုညလမ်းရှိ အခြေခံပညာမူလတန်းကျောင်း အမှတ် (၁၇) ကျောင်းဝန်းအတွင်းရှိ ခြံစည်းရိုးတစ်လျှောက်နှင့် နေရာလပ်များတွင် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။
မိုးရာသီသစ်ပင်စိုက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုမှ သစ်ပင်များ စုပေါင်းပေးအပ်ပြီး စိုက်ပျိုးသည့်အပင်များမှာ မိုင်ဂျန်ရှား (၅၀) ပင်၊ မဟော်ဂနီ (၅၀) ပင်၊ အောရိရှား (၅၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ၊ ပရဟိတအဖွဲ့များ စုစုပေါင်း (၂၅၆) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)