သန်လျင်မြို့နယ်ရုံး၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

သန်လျင် ဇွန် ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)မှ ကြီးမှူးဖွင့်လှစ်သော သတင်းရေးသားနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ကြေးမုံသတင်းစာတိုက် စာတည်းမှုးချုပ်(ငြိမ်း)ဦးခင်မောင်ကျော်ဒင်က သင်တန်းတွင်ပို့ချမည့် သတင်းရေးသားနည်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သင်တန်းသားသင်တန်းသူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များနှင့် တံတားမြို့ရုံးတို့မှ ဦးစီးအရာရှိများ၊ ဓာတ်ပုံကျွမ်းကျင်(၂)ဝန်ထမ်းများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)