ခရမ်း ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ရာသီဥတုအညွှန်းကိန်းအခြေပြုသီးနှံအာမခံ လုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့်တောင်သူများသို့ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစို အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက အမှာစကားပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဒေါ်စပါယ်ခင်က ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံ၊ ရေကြီးနစ်မြုပ်၍ သီးနှံပျက်စီးမှု၊ အာမခံထားရန်လိုအပ်ချက်များ၊ အာမခံ ထားရှိနိုင်သည့် ပမာဏ၊ ပရီမီယံနှုန်း၊ ရာသီဥတုအညွှန်းကိန်း အာမခံပုံစံ၊ အာမခံထားရှိနိုင်သူများ စသည့်အကြောင်းအရာများကို အသိ ပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူများမှ သိရှိလိုမူ့များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဘဏ်မန်နေဂျာ ဦးဝင်းဇော် ကဘဏ်ချေး ငွေဆပ်ငွေနှင့် ပတ်သက်၍လည်းကောင်း တောင်ပိုင်းခရိုင်မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဒေါ်စံပယ်ခင်က သီးနှံအာမခံထားရှိမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံ လက်ကမ်းစာစောင်များကို တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ကိုမင်း (ခရမ်း)