ကော့မှူး၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်‌တွေ့စိုက်ပျိုးပြသ

ကော့မှူး ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးလက်‌တွေ့စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် ၈ နာရီက အဖျောက်ကျေးရွာကွင်းအမှတ်(၂၇၇)၊ ဦးပိုင်အမှတ်(၂/၂)၊ ဧရိယာ()ဧကရှိ တောင်သူဦးစန်းလွင်လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသက်နိုင်က (Seeder)စပါးမျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများဖြစ်သည့် တစ်ဧကမျိုးစေ့နှုန်းသက်သာခြင်း၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ငန်းချိန်မြန်ဆန်ခြင်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ ဝင်ငွေတိုးတက်စေခြင်း၊ စိုက်ပျိုးနည်းများအကြောင်းသိရှိနိုင်မည့် ဆော့ဝဲများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထိုက်မင်းက (Seeder)တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာအသုံးပြုပုံ၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးရာတွင် စိုက်နည်းစနစ် မှန်ကန်စေရေးများကိုလည်းကောင်း  လက်တွေ့ပြသ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

အဆိုပါ မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)