မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

မိတ္ထီလာ ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဒေါ်ခင်စန်းတင်က အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဒေါ်ခင်စန်းတင်က သင်တန်းသူများအား သင်တန်း ဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး မိတ္ထီလာခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးက သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူများအား အက်ချုပ်စက်နှင့် မီးပူများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြဆရာမက သင်တန်းသူများအား သင်တန်းမှထွက်ရှိသော အဝတ်အထည်များအား ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးလှိုင်စိုး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး အောင်ကျော်တိုး၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)