ကျောက်ဆည် ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျောက်ဆည်တက္ကသိုလ် ရုက္ခဗေဒဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သရက်သီးအခြေခံ၍(ယို၊ ဖျော်ရည်၊ ဝိုင်) တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်သူက ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာသည် စိန်တစ်လုံးသရက်သီးအပါအဝင် သရက်သီးများထွက်ရှိရာ ဒေသဖြစ်ရာ ဒေသသူ/ဒေသသားများအနေဖြင့် သရက်သီးအမျိုးအစားများ၏ သဘောသဘာဝဖြစ်သော ချို/ချည်အရသာများကို သိရှိထားပြီးဖြစ်ရာ သင်တန်းတွင် သင်ကြားပေးလိုက်သော ယို၊ ဖျော်ရည်၊ ဝိုင်များကို ပုံစံများစုံဖြင့် အောင်မြင်စွာထုတ်လုပ်၍ တန်ဖိုးမြှင့်ထုတ်လုပ် ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျဝင်းက သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအောက်တွင် သမဝါယမဦးစီးဌာန၊ ကျောက်လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ရှိပြီး သင်တန်းသား/သင်တန်းသူများအနေဖြင့် လုပ်ငန်းများထူထောင်သည့်အခါ လိုအပ်သည့်အရင်းအနှီးများရှိပါက ဆက်စပ်ဦးစီးဌာနများနှင့် ချိတ်ဆက်ကာ လိုအပ်သည့် စက်ပစ္စည်းများကို စိုက်ထုတ်ဝယ်ယူပေးခြင်း၊ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်သူနှင့်တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျဝင်းက သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ များ ရိုက်ကူးခဲ့ကြောင်းနှင့် သင်တန်းတွင် သရက်သီးနှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများကို စိတ်ပါဝင်စားသည့် ဒေသခံပြည်သူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်