သာကေတ ဇွန် ၁၀
သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့(နာရေးကူညီမှုအသင်း)သို့ “နာရေးပန်းကား(ပန်းကနုတ်ယာဥ်)နှင့် နာရေးသုံးရေခဲသေတ္တ္တာ(Cool Box)” ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝန်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နာရေးပန်းကား(ပန်းကနုတ်ယာဥ်)နှင့် နာရေးသုံးရေခဲသေတ္တာ (Cool Box)လှူဒါန်းခြင်းအခမ်းအနားကို မြို့နယ်လူမှုကူညီရေးအဖွဲ့(နာရေးကူညီမှုအသင်း) သြဝါဒစရိယ အောင်သီတာဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ၊ ညောင်ဝိုင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောဝိဒနှင့် အလှူရှင်မိသားစုများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီးအတွင်းတွင် သာကေတမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A ဘဒ္ဒန္တ သောဘနထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ခဲ့ကြသည်။
ထို့နောက် အလှူရှင် ဦးထွန်းမင်းဦးက နာရေးပန်းကားနှင့် နာရေးသုံးရေခဲသေတ္တာလှူဒါန်းရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဇော်ဦးက ကျေးဇူးတင်စကားကြောကြားသည်။ ဆက်လက်၍ အလှူရှင်မိသားစုများက သံဃာတော်များကို ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အလှုရှင်များအား မြို့နယ်လူမှုကူညီရေးအဖွဲ့ နာယကခန့်အပ်လွှာပေးအပ်ပြီး မြို့နယ်လူမှုကူညီရေးအဖွဲ့ သြဝါဒစရိယ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အောင်သီတာဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ထို့နောက် အလှူရှင်မိသားစုက ဇိနမာရ်အောင်စေတီတော်အတွက် အလှူငွေပေးအပ်ရာ စေတီတော်ဥက္ကဋ္ဌ ဦးကြည်ဝင်းက လက်ခံရယူခဲ့ပြီး အနုမောဒနာမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် အောင်သီတာဆရာတော်ထံ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့သည်။
အဆိုပါ နာရေးပန်းကား (ပန်းကနုတ်ယာဥ်)နှင့် နာရေးသုံးရေခဲသေတ္တာ (Cool Box)တန်ဖိုးသည် စုစုပေါင်း ငွေကျပ် သိန်း ၄၅၀ တန်ဖိုးရှိကာ အလှုရှင် ပုဇွန်တောင်မြို့နယ်၊ အမှတ် ၁၀ ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး အမှတ် (၇၂)နေ ဦးထွန်းမင်းဦး+ ဒေါ်ခင်ပြည့်ပြည့်ဖြိုး၊ သမီး မသွန်းရတီသန့်၊ သား မောင်ဝေယံဘုန်းသန့် မိသားစု 772 SEVEN SEVEN TWO LOGISTICS Co.Ltd က သံဃာတော်အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ သက်ကြီးဘိုးဘွားများ စျာပနတွင် အသုံးပြုရန် မြတ်နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းခြင်းဖြစ်သည်။ မသာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့(နာရေးကူညီမှုအသင်း)သို့ ဆက်သွယ်လိုပါက ရွေအုတ်ဂူဘုရားဝင်း၊ ညောင်ဝိုင်းကျောင်းတိုက်၊ ၈ ရပ်ကွက်၊ သာကေတမြို့နယ် ဖုန်း ၀၉၈၉၈၈၉၇၆၁၇၊ ၀၉၈၉၈၉၁၄၇၂၁ သို့ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)