မြစ်ကြီးနား ဇွန် ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဘိုးဘွားရိပ်သာတစ်ခုဖြစ်သည့် အောင်ဇေရန်အောင် ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် အောင်ဇေရန်အောင် ဗောဓိတစ်ထောင်ဘုရားဝင်းအတွင်းရှိ အဆိုပါ ဘိုးဘွားရိပ်သာအဆောက်အဦးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ရှေးဦးစွာ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာဆိုင်းဘုတ်ကို အောင်ဇေရန်အောင်ကျောင်းတိုက်မှ ဘိုးဘွားရိပ်သာနာယကဆရာတော် ဦးဥတ္တမသီရိ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အခမ်းအနားတက်ရောက်လာကြသူများ၊ အလှူရှင်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်း ရိုက်ကူးကြသည်။
ထို့နောက် ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အောင်ဇေရန်အောင်ကျောင်းတိုက်မှ ဘိုးဘွားရိပ်သာနာယက ဆရာတော်က ဘိုးဘွားရိပ်သာစတင်တည်ထောင် ဆောက်လုပ်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ သြဝါဒစကားမြွက်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူဦးရေတွင် သက်ကြီးရွယ်အို စုစုပေါင်း (၄ ဒဿမ ၅) သန်းခန့်ရှိပြီး လူဦးရေ (၁၂) ဦးတွင် တစ်ဦးသည် သက်ကြီးရွယ်အိုစာရင်းတွင် ပါဝင်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း လူမှုဝန်ထမ်းအသိအမှတ်ပြု ဘိုးဘွားရိပ်သာကို ဗန်းမော်မြို့တွင် (၁)ခု၊ ပူတာအို မြို့နယ်တွင် (၁)ခုနှင့် ယနေ့ မြစ်ကြီးနားမြို့နယ်တွင် (၁)ခုကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ဘိုးဘွားရိပ်သာများအတွက် စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးနယ်ပယ်ပိုင်းဆိုင် ရာနှင့် ၎င်းတို့ကိုယ်တိုင် တစ်ကိုယ်ရည်စောင့်ရှောက်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များအား တတ်နိုင်သမျှ လူမှုရေးအထောက်အပံ့များ ဖြည့်စည်းစောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ဘိုးဘွားစောင့်ရှောက်ရေးရိပ်သာများကို ပိုမိုဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာအတွက် အလှူငွေများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေကျပ် (၅၇)သိန်းအား လှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြပြီး ဆက်လက်၍ စေတနာ့အလှူရှင်များက ဘိုးဘွားရိပ်သာအတွက် အလှူငွေများကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ကြကာ အမှတ်တရဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများက ဘိုးဘွားရိပ်သာအတွင်း စောင့်ရှောက်မှုခံယူနေသော အဘိုး (၈) ဦးနှင့် အဘွား (၁၅) ဦးအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများကို လိုက်လံလှူဒါန်းပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းဆုံနေရာမှ စတင်၍ စည်ပင်သာယာဆိပ်ကမ်းလမ်း၊ ရေစင်ဈေးထိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ကမ်းနားလမ်းတစ်လျှောက် သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ဧရာဝတီမြစ်ကမ်းဘေး ကမ်းထိန်းကာကွယ်သည့်အနေဖြင့် ရေမနေပင်ကြီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ၊ အများပြည်သူအပန်းဖြေသည့် We Love Myitkyina ဆိုင်းဘုတ်နေရာတို့တွင် အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ကမ်းထိန်းသစ်ပင်များတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းရေးကို အများပြည်သူ ပူးပေါင်းပါဝင်လာစေရေး စည်းရုံးဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်