ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ညောင်ရွှေမြို့နယ် အ.ထ.က အင်းပေါခုံ (RCC)သုံးထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ညောင်ရွှေ ဇွန် ၉

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူမျာသည် ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် နန်းပန်မြို့ရှိ အ.ထ.က အင်းပေါခုံ (RCC)သုံးထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကျောင်းအဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ကျောင်းစုဝေးဆောင်၌ ဆက်လက်ကျင်းပရာ အ.ထ.က အင်းပေါခုံမှ ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက အဆိုအတီးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျောင်းအတွက် အားကစားပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ကြည်က လက်ခံရယူခဲ့သည်။

ယင်းနောက် လျှံထူးအောင်ကုမ္ပဏီတာဝန်ရှိသူက ကျောင်းသုံးစာသင်ခုံ အလုံး (၁၀၀)ကို ပေးအပ်လှူဒါန်းပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များကို နေရာအရောက်ပေးအပ်ခဲ့သည်။

ထို့နောက် အလှူရှင်များက ကျောင်းအတွက် အလှူငွေများအသီးသီး ပေးအပ်လှူဒါန်းကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုကြရာ ပညာရေးဌာန တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ