ရန်ကုန် ဇွန် ၉
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အရင်းမူလဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်အမှတ် (၂) ရပ်ကွက်ရှိ မြကန်သာဓမ္မာရုံ၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ - ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ တတိယနေ့ကို ဆက်လက်ကျင်းပပြုလုပ်လျက်ရှိပြီး စာဖြေသံဃာတော်များအား ကမာရွတ်မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းသော နေ့ဆွမ်း၊အားဖြည့်အချိုရည်နှင့် ရေသန့်ဘူးများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် ၂၀၂၄ - ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ် စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖူးမြော်ကြည်ညိုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄ - ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့ အထိ နေ့စဉ်မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ (၅)ရက်တိုင်တိုင် အုပ်စု(၁)၊(၂)၊(၃)၊ စသည်ဖြင့် အုပ်စုများခွဲ၍ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့စာမေးပွဲတတိယနေ့၌ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော် စုစုပေါင်း (၁၉၈)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် စာဖြေသံဃာတော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပါသကာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြို့နယ်(ပြန်/ဆက်)