ပြင်ဦးလွင် ဇွန် ၉
ပြင်ဦးလွင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကျေးရွာများတွင် ရှေးဦးသူနာပြုစုနည်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ အခြေခံရှေးဦးသူနာပြုစုနည်းများကို လူတိုင်း လက်လှမ်းတမီရှိစေနိုင်ရေး၊ အသိပညာပေးဟောပြောပွဲများကို ကျင်းပနိုင်ရေး ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်သင်း(စာရေးဆရာ ကိုရွှေအောင်သင်း)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုးနှင့် တပ်ဖွဲ့ဝင်များက ဆွေးနွေးတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အခြေခံပညာကျောင်းများနှင့် ကျေးရွာများတွင် ရှေးဦးသူနာပြုစုနည်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးနှင့် အခြေခံရှေးဦးသူနာပြုစုနည်းများကို လူတိုင်းလက်လှမ်းတမီရှိစေနိုင်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပမည့် အစီအမံများအား ဆွေးနွေးကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)