ရပ်စောက် ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ (၅၉) ကြိမ်မြောက် ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်ဖြေပွဲတော်ကြီးထီးဖြူတော်ဖွင့် ဇေယျသိဒ္ဓိမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က စူဠာမုနိကုသိုလ်တော်ဘုရားကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတာရက ဆရာတော်ဘုရားထံမှ အလှူရှင်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဗထူးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးမှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့သည်။
ဆက်လက်၍ ဆင်သေကျောင်းဆရာတော်က (၇၅) ကြိမ်မြောက် စိန်ရတုစာတော်ပြန်ပွဲနှင့် (၅၈) ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီး ထီးဖြူတော်ဖွင့် ဇေယျသိဒ္ဓိမင်္ဂလာအခါတော်ကြား လျှောက်ထားလွှာကိုဖတ်ကြားပြီး ဥက္ကဌဆရာတော်မှ သာသနာ့အလံတော်လွှင့်တင်၍ ဥပါသကာများက ထီးဖြူတော်များ ဖွင့်မိုးပူဇော်ကြကာ (၅၉) ကြိမ်မြောက်စာလျှောက်မေးပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
ရပ်စောက်မြို့နယ်လုံးဆိုင်ရာ (၅၉) ကြိမ်မြောက် ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်ဖြေပွဲတော်ကြီးအား ဇွန် ၉ ရက်မှ ၁၄ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မူလတန်းမှ ပဥ္စမတန်းအထိ စာဖြေသံဃာ (၃၁၂) ပါးဖြေဆိုကြောင်းနှင့် အခမ်းအနားသို့ ဗထူးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦး၊ တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်