ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် စပါးစိုက်တောင်သူများအား တွေ့ဆုံ၊ မျိုးစေ့နှင့် မြေဩဇာများ ပေးအပ်၊ အင်းလေးကန်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေး

ညောင်ရွှေ ဇွန် ၉

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက် (၇) နာရီက ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်ကျေးရွာ တောင်ကြီး - ညောင်ရွှေ ကားလမ်းမဘေးရှိ ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် စပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ စပါးမျိုးစေ့များနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက စပါးမျိုးစေ့များနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီး ချုပ်က အမှာစကား ပြောကြားခဲ့သသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား SR 456 ‌ရွှေရင် အေးစပါးမျိုး (၆၀)အိတ်၊ DU 16 ရွှေအပ်စပါးမျိုးစေ့ (၆၀)အိတ်၊ ပုလဲဓာတ်မြေဩဇာ(၂၅)အိတ်နှင့် ရွှေမိုး (၁၅) ပတ်လည် ဓာတ်မြေဩဇာ (၂၅)အိတ်တို့ကို အသီးသီးပေးအပ်ခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးမျိုးများပြုန်းတီးခြင်းမှ ကာကွယ်တားဆီးရေး၊ ငါးသယံဇာတတိုးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ညောင်ရွှေမြို့ ကမ်းနား လမ်း၊ နန်းကပ်ချောင်း ဖောင်တော်ပြန်ပြဿဒ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပြုလုပ်သည့် အင်းလေးကန်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံတိုင်းရင်းများပြည်သူများနှင့်အတူ အင်းလေးကန်အတွင်းသို့ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၅၀၀၀၀) ကောင်၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ (၁၅၀၀၀၀) ကောင်၊ ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ (၁၀၀၀၀၀) ကောင် စုစုပေါင်းငါးသားပေါက်ကောင်ရေ (၄၀၀၀၀၀) ကောင်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ