“အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရတော်မူသော အောင်စည်သာကျောင်းတိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနား နေပြည်တော်ကောင်စီဥက္ကဋ္ဌတက်ရောက်

နေပြည်တော် ဇွန် ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရတော်မူသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်နှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အောင်စည်သာကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇဝနတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အောင်စည်သာကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီး၊ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်အမှူးပြုသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏနှင့် “ဂန္ထဝါစကပဏ္ဍိတ" ဘွဲ့တံဆိပ်တော်ရ အောင်စည်သာကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇဝနနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ တပည့်ဒါယကာ၊ ဒါယိကာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရာက်ကြည်ညိုကြသည်။

ဦးစွာ ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်မြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော် အပူဇော်ခံ ဘဒ္ဒန္တဝိစက္ခဏထေရ်ရှင်မြတ်၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ပြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဝဏ္ဏကျော်ထင် ဦးသူရ (ဝိဇ္ဇာပညာထူးချွန်-ပထမအဆင့်) ရေးစပ်ပူဇော်သော မော်ကွန်းတင်မင်္ဂလာ ဧကပိုဒ်ရတုကို နိုင်ငံတော်ရွှေတံဆိပ်ဆုများရှင် တက္ကသိုလ်အားမာန်က စောင်းပညာရှင် ဗိုလ်ဗိုလ်နှင့် တွဲဖက်၍ သီကျူးတီးခတ် ပူဇော်သည်။

ယင်းနောက် ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အောင်စည်သာကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇဝန ထေရ်ရှင်မြတ်၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ပြီး မဟာသဒ္ဓမ္မ ဇောတိကဓဇ ဝဏ္ဏကျော်ထင် ဦးသူရ (ဝိဇ္ဇာပညာထူးချွန်-ပထမအဆင့်) ရေးစပ် ပူဇော်သော “အဂ္ဂသုံးဆိုင် သင်းပျံ့လှိုင်” မော်ကွန်းတင် ထပ်တွန့် နဘေစပ် ရှစ်ဆယ်ပေါ်တေးထပ်ကို တေးသံရှင် နိုင်ငံတော်တေးသံရှင် နှင်းဝတ်ရည်က စောင်းပညာရှင် ဗိုလ်ဗိုလ်နှင့် တွဲဖက်၍ သီကျူးတီးခတ် ပူဇော်သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်အပ်နှင်းခဲ့သည့် “အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီးတို့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏအား ထပ်ဆင့်ဆက်ကပ်လှူဒါန်းပြီး ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်အပ်နှင်းခဲ့သည့် “ဂန္ထဝါစကပဏ္ဍိတ" ဘွဲ့တံဆိပ်တော်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အောင်စည်သာကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇဝနအား ထပ်ဆင့် ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် အမြဲတမ်းအတွင်းဝန်တို့က ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များက လှူဒါန်းသည့် အလှူငွေများကို အသီးသီးလက်ခံကြသည်။

ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံမှ ဧည့်ပရိသတ်များက အနုမောတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင် ၎င်းတို့၏ ဇနီးတို့က ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)