မိုင်းခုတ်မြို့၊ နောင်တုံဘုရားကုန်း၌တည်ထားသော "လောကချမ်းသာလာဘမုနိ"စေတီတော်မြတ်၏ မုဒ်ဦးရွှေထီးတော်တင်လှူခြင်း၊ လှေခါး၊ စောင်းတန်း လှူဒါန်းမှုအစုစုအား ရေစက်ချပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

မိုင်းခုတ် ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ နောင်တုံဘုရားကုန်း၌ တည်ထားသော "လောကချမ်းသာလာဘမုနိ"စေတီတော်မြတ်၏ မုဒ်ဦးရွှေထီးတော်တင်လှူခြင်း၊ လှေခါး၊ စောင်းတန်း လှူဒါန်းမှုအစုစုအား ရေစက်ချပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်တို့က "လောကချမ်းသာလာဘမုနိ"စေတီတော်မြတ်၏ မုဒ်ဦးရွှေထီးတော်တင်လှူခြင်းအခမ်းအနား ကျင်းပခဲ့ကြပြီး မိုင်းခုတ်တပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးဦးဆောင်သော နယ်မြေခံတပ်ရင်းတပ်ဖွဲ့မိသားစုဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက စောင်းတန်းတစ်လျှောက် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြသည်။

ထို့နောက် နမောတဿ (၃)ကြိမ်ရွက်ဆို၍ အခမ်းအနားဖွင့်လှစ်ကာ ၎င်းစေတီတော်မြတ်၏ မုဒ်ဦးရွှေထီးတော်၊ လှေခါး၊ စောင်းတန်း၊ ဆွမ်း စသည့်လှူဒါန်းထားမှုအစုစုတို့နှင့်အတူ ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းပူဇော်ပြီး မိုင်းဆတ်မြို့နယ် သံဃနာယကအဖွဲ့ဝင် မြို့မတပ်ဦးကျောင်းဆရာတော်ထံမှ မအိပ်တဲ့ကုသိုလ် (၆)မျိုး တရားတော်နာကြား၍ ရေစက်သွန်းချကာအခမ်းအနားကို ရုတ်သိမ်းခဲ့​ကြောင်း သိရသည်။ 

သီတာအေး(ပြန်/ဆက်)