ငါ့သရောက်မြို့တွင် မြေပဲများ စတင် စိုက်ပျိုး

ငါ့သရောက် ဇွန်  ၉ 

မန္တလေးတိုင်း‌‌ဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ဇွန်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ရွာသွန်းသည့် မိုးဖြင့် ကျေးလက်တောင်သူများ ခြောက်လ ပင်ပြန့်မြေပဲနှင့် သုံးလပင်ထောင် မြေပဲ၊ နှမ်းများ စတင် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း တောင်သူ ဦးကျော်စိုးထံက သိရသည်။

ငါ့သ‌ရောက်မြို့တွင် ကျေးလက်နေတောင်သူများသည့် မိုးရာသီ တစ်ရာသီကို အဓိကထားစိုက်ပျိုးကြရပြီး မိရိုးဖလာလုပ်ငန်းလည်းဖြစ်သည့်အတွက် “ဒီနှစ်မှာတော့ မိုးရွာသွန်းမှုက နေရာကွက်ကျား ရွာသွန်းမှုရှိတော့ မြေပဲစိုက်တောင်သူများအနေနဲ့ မြေပဲစိုက်ရတာ အနည်းငယ်နောက်ကျပြီးမှ စိုက်ကြရတယ်။ အရင်နှစ်ကဆို မေလ ၂၀ ရက်လောက်ဆို တောင်သူအားလုံးနီးပါး စိုက်ပျိုးပြီးကြပြီ အခုနှစ်မှာတော့ တောင်သူအားလုံး စိုက်ရက်မတူညီကြဘူး။ ရက်အနည်းငယ်စီ  ခြားလျက်ရှိပါတယ်။ အရင်ရက်က ရွာတဲ့မိုးတွေက မြေပဲစိုက်လိုလည်းမရတော့ ကျွန်တော်တို့အနေနဲ့ ယာခင်း၊ ယာမြေတွေမှာ ပေါက်ရောက်တတ်တဲ့ ပေါင်းမြက်များကို “ဓား”ခုတ်ကြရတယ်။ “ဓား” ခုတ်တယ် ဆိုတာ မြက်ပင်များကိုပြန်လည်သတ်သည့်အနေနဲ့  ယာခင်းကို ပြန်လည်ပြုပြင်ခြင်း ဆောင်ရွက်ကြရပါတယ်။ မနေ့ကလည်း နေရာကွက်ပြီး မိုးရွာသွန်းတာရယ် ဒီနေ့ရွာတဲ့အတွက်ကြောင့် မြေပဲကို စိုက်လိုက်ကြတာပါ” လို့ တောင်သူ ဦးကျော်စိုးထံမှ သိရသည်။

ငါ့သရောက် (ပြန်/ဆက်)