စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

စဉ့်ကိုင် ဇွန်  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလောင်စုံ စာရေးဆရာ/ဆရာမကြီးများ ရေးသားထားသည့် "တာဝန်သိစိတ် တာဝန်ယူစိတ်"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း နာယက ဦးသန်းအောင်က  “တာဝန်သိစိတ် တာဝန်ယူစိတ်”စာအုပ်မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "အလုပ်စွမ်းဆောင်ရည်မြှင့်တင်ရေး"ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး ဦးသန်း‌ဝင်း(ပညာရေး)က စာရေးဆရာမ ခင်စောတင့်ရေးသားသည့်  "တာဝန်သိမှုနှင့် တာဝန်ယူမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးအေးကိုကို (၀င်းမောင်မောင်-ပန်းလောင်လွင်ပြင်)က စာရေးဆရာ ဦးစန္ဒီမ(စလင်း) ရေးသားသည့် "တာဝန်ယူခြင်း အလှတရား"  ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း မိမိတို့၏ အတွေးအမြင်ရသများအား အသီးသီး ပါ၀င်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)