မိုင်းပျဉ်း ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်၈နာရီက မိုင်းပျဉ်း-မက်မန်းလမ်း၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ နောင်ခိုက်ကျေးရွာအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်တို့က ပျိုးပင်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များထံသို့ ပေးအပ်ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စိန်ပန်းပျိုးပင်(၅၀)ပင်၊ ကျွန်းပျိုးပင်(၁၀၀)ပင်၊ မယ်ဇလီပျိုးပင်(၁၀၀)ပင်နှင့် မန်ဂျန်ရှားပျိုးပင်(၁၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၃၅၀)ပင်ကို မိုင်းပျဉ်း-မက်မန်းလမ်း၊ နောင်ခိုက်ရွာအနီး လမ်းမကြီးဘေးတလျှောက်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသယံဇာတများရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောများပြန်လည်ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ စိုက်ပျိုးဆောင်ရွက်ကြခြင်းဖြစ်ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့ စုံလင်စွာတက်ရောက်ကြကာ တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး