ကျိုက်မရော ဇွန် ၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ၌ မိုးစပါးကြဲခင်းစနစ် စိုက်ပျိုးခြင်းအစား မျိုးစေ့ချကိရိယာ (seeder) ဖြင့် စိုက်ပျိုးခြင်း မြို့နယ်အဆင့် ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ကလိုင်းကနိုင်ကျေးရွာ အုပ်စု၃၈၁ (က)၊ ဦးပိုင်အမှတ် (၁၇၁)၊ တောင်သူ ဦးမွန်ဆူအာမက်၏ လယ်မြေ (၅.၀၁)ဧက ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့၊ ရပ်ကွက် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ စုစုပေါင်း (၅၄) ဦးတို့ တက်ရောက်ခဲ့ကြသည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ယခုနှစ် မိုးရာသီတွင် ကြဲခင်းစနစ်ဖြင့် စိုက်ပျိူးခြင်းအစား ယခုကဲ့သို့ မျိုးစေ့ချကိရိယာများဖြင့် အစားထိုးစိုက်ပျိုးကြရန် မွန်ပြည်နယ် အစိုးရအဖွဲ့မှလည်း တောင်သူများအတွက် မျိုးစေ့ချကိရိယာ (၆၀) ခုအား ထောက်ပံ ပေးထားပြီး ဖြစ်ရာ တောင်သူများ လွယ်ကူစွာ စိုက်ပျိုးနိုင်ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှတင်မောင်က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၏ အားသာချက်များနှင့် ရှောင်ရန် ဆောင်ရန်အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မိချို (ကျိုက်မရော)