ကျောက်ဆည်မြို့တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကရာတေးသင်တန်း  (အခမဲ့)ဖွင့်လှစ်

ကျောက်ဆည် ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရေးရန် ရည်ရွယ်၍ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၄)နာရီက အခြေခံကရာတေးသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရှသည်။

အခြေခံကရာတေးအားကစားပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများသန်မာစေခြင်း၊ ကာယပိုင်း၊ ဉာဏပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့်ရောဂါများ ဖြစ်စေနိုင်သည့်အခွင့်အလမ်းများ လျော့နည်းစေခြင်း၊ ကိုယ်အလေးချိန် ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း  စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

သင်တန်းတွင် အခြေခံအကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ ခြေကန်နည်းများ သင်ကြားပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူ(၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရန်အတွက် သင်တန်းများ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်၊ခရိုင်(ပြန်/ဆက်)