လားရှိုး ဇွန် ၉
ရေဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်မည့် အခြေအနေများရှိပါက ပြည်သူများထံသို့ အချိန်မီအသိပေးပြန်ကြားရန်၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကူညီရွှေ့ပြောင်းရေးလုပ်ငန်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီးမံချက်များ ရေးဆွဲထားပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှုအခြေအနေများ သရုပ်ပြအခမ်းအနားကို ယမန့်နေ့ ညနေ ၂ နာရီအချိန်က လားရှိုးခရိုင် မီးသတ်ဦးစီးမှူးရုံးဝင်းအတွင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားသည့်ဆောင်ရွက်ချက်များ၊ ရှာဖွေကယ်ဆယ်ရေးသုံး စက်ကိရိယာပစ္စည်းများကို လိုက်လံကြည့်ရှုသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
စိုင်းထွန်း (လားရှိုး)