ကမာဝက်မြို့၌ ရေစီးရေလာကောင်းမွန်စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မုဒုံ ဇွန် ၉

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကမာဝက်မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင် ဦးဆောင်၍ နယ်မြေရဲစခန်းမှူး ဦးမင်းဋ္ဌေးမောင်မောင်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပူးပေါင်းကာ မြို့အတွင်း မိုးတွင်းကာလ ရေမြောင်းများပိတ်ဆို့မှုမရှိစေရေး၊  ရေကြီးရေလျံမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့နောက် နေအိမ်များရှိ  ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ပိုးလောက်လန်းများ ဖယ်ရှားခြင်း၊ ရေဝပ်နိုင်သောပစ္စည်းများအတွင်း ဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်းနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးအသိပညာပေးပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)