ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဒဂုံအရှေ့ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်ဓမ္မာရုံတွင် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်း၏ ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့် ဝန်ထမ်းများက (၇)ရပ်ကွက်သို့ ကွင်းဆင်း၍ မြေပြင်စာရင်းကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများ၊ အသက် (၁၀)နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အိမ်ထောင်စုလူဦး​ရေစာရင်းများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် (Biometric) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ သက်ဆိုင်ရာ တိုက်နယ်မှူးများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးထံမှ သိရသည်။

အေးမဉ္ဇူ