တာမွေ ဇွန် ၉
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏အရင်းမူလဖြစ်သည့် ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲဒုတိယနေ့ကို ဆက်လက်ကျင်းပပြုလုပ်လျက်ရှိပြီး စာဖြေသံဃာတော်များအား တာမွေမြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းသော အားဖြည့်အချိုရည်နှင့် ရေသန့်ဘူးများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၄ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖူးမြော်ကြည်ညိုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ (၅)ရက်တိုင်တိုင် အုပ်စု(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၇)၊(၈) စသည်ဖြင့် အုပ်စုများခွဲ၍ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့စာမေးပွဲဒုတိယနေ့၌ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော်စုစုပေါင်း (၁၁၈)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် စာဖြေသံဃာတော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပါသကာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)