ဒဂုံတောင် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ ပါဝင်ပူးပေါင်းကာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြိုနယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ညနေပိုင်းက မိုးဦးကျရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အမှတ်(၁၈)ရပ်ကွက်၊ ဘုတ်ပြင်းလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန တောင်ဒဂုံမူလတန်းကြိုကျောင်းတွင် ခြင်များ ခိုအောင်းနေထိုင်ပေါက်ဖွားမှုမဖြစ်ပေါ်စေရေး ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးပြောကြားကြောင်း သိရသည်။
သန်းသန်အေး