ဒဂုံမြောက် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ဇွန်လ ၇ ရက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၀)ရပ်ကွက်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ် (၂၀)ဦးနှင့် ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေး Pfizer ထပ်ဆောင်းကာကွယ်ဆေး (၆၃)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးစသည်တို့ကို ထိုးနှံတိုက်ကျွေးပေးခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းများကို ဧပြီလ ၁ ရက်နေ့ကစတင်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းများကို လစဉ် လဆန်း ပထမအပတ်နှင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သောက်သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းစသည့် လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ