ဒဂုံတောင် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား အမီလိုက်ကာကွယ်ဆေး (Catch-up immunization) နည်းလမ်းဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ်ကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ (၅၇)ရပ်ကွက်၊ ပွင့်လင်းပရဟိတအသင်းရုံးနှင့် သုံးခွတောင်ပိုင်း ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ Catch-up immunization နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေး စသည်တို့ကို ထိုးနှံတိုက်ကျွေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အမီလိုက်ကာကွယ်ဆေး (Catch-up immunizaton) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာမင်းတင်မောင်ရှိန်၊ အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်မှူး ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ကျန်းမာရေးမှူး ဦးကျော်ကျော်လွင်တို့က ကွင်းဆင်းကြည့်ရှုအားပေးကာ လိုအပ်သည်များ ကြီးကြပ်လမ်းညွှန် ဆောင်ရွက်ပေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သန်းသန်းအေး