လှည်းကူးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

လှည်းကူး ဇွန် ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်လမ်းဦးစီးဌာနညွှန်ကြား‌ရေးမှူးချုပ် ဦးစိုးထွန်းနိုင်နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စု၊ ဇလုပ်ကြီးကျေးရွာနှင့် ငါးဆူတောင်ကျေးရွာအုပ်စု၊ ငါးဆူတောင် (၅)ရပ်ကွက်သို့ ယမန်နေ့က သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ ရန်ကုန်တိုင်းကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း၊ လှည်းကူးခရိုင်ကျေးလက်ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဘသိန်းနှင့် တာဝန်ရှိသူများက နန္တိကျေးရွာအုပ်စု၊ ဇလုပ်ကြီးကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရွာတွင်း လမ်းအရှည် (၇၈၅)ပေ၊ အကျယ် (၈)ပေနှင့် ဒု (၆)လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် ငါးဆူတောင်ကျေးရွာအုပ်စု ငါးဆူတောင် (၅)ရပ်ကွက်နှင့် မယ်ဇလီကုန်း‌ကျေးရွာသို့ ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်းအရှည် (၃၃၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ဒု(၇)လက်မ လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)