ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) ၌ ကျင်းပသည်။   

 အဆိုပါစာပေဟောပြောပွဲတွင် ပြင်ဦးလွင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်းဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက “ ဘဝလှဖို့ စာဖတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားသည်။

ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) အတွက် ရှေးဦးသူနာပြုစုနည်းစာအုပ်များပေးအပ် လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ဆက်လက်၍ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရွှေစင်မင်းသီလရှင် ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) မှ ကျောင်းသား၊ ကျောင်းသူများအား အသိအလိမ္မာရဖွယ်သုတ/ရသ ပုံပြင်များဖတ်ကြားပြသခြင်း၊ နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်များခင်းကျင်းပြသပေးသည်။

ထိုသို့ခင်းကျင်းပြသမှုများအပေါ် ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတ ပညာရေးကျောင်း) မှ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာခဲ့ကြပြီး ရွှေစင်မင်း ဘုန်းတော်ကြီးသင် မူလွန်ကျောင်း၏ ကျောင်းစာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များ စုဆောင်းထားရှိမှုနှင့် ကလေးများ စာအုပ်စာပေလေ့လာဖတ်ရှုနေမှုများကို တာဝန်ရှိသူများက ဝင်ရောက်ကြည့်ရှုခဲ့ရာ ကျောင်းအုပ် ဒေါ်နန္ဒသိင်္ဂီက လိုက်လံရှင်းလင်းပြသပေးခဲ့ ကြောင်း  သိရသည် ။  

ရွှေစင်မင်းသီလရှင်ကျောင်းတိုက် (အမျိုးသမီးပရဟိတပညာရေးကျောင်း) သည် ဆင်းရဲချမ်းသာမရွေး လူတိုင်း အရေး၊ အဖတ်၊ အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်၊ ပညာသင်ကြားရေး၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးလိုသည့် သားကောင်း သမီးကောင်းများ ဖြစ်လာစေရန် ၊ မြန်မာ့ယဉ်ကျေးမျှဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူ တတ်ကြစေရန် ၊ ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြစေရန်နှင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားသော ကျောင်းတစ်ခုဖြစ်ပြီး လက်ရှိတွင် KG မှ Grade 8 အထိ သာမဏေ၊ သီလရှင်၊ ကျား/မ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၂၂၉ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )