နေပြည်တော် ဇွန် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်းစေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေး၊ ရေဝေရေလဲဧရိယာများတွင် သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တတ်ကြွစွာပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ နေပြည်တော်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်းတောင် တောင်ညိုကြိုးဝိုင်း အကွက်အမှတ် (၆၀)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကို Clean City, Green City, Smart City ဖြစ်စေရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြနှင့် ရပ်ရွာအသီးသီးတွင် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ “ဥတု ရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် သက်ရှိများနေထိုင်ရာ ကမ္ဘာမြေကြီးသာယာလှပစေရုံသာမက သက်ရှိများ ကောင်းမွန်စွာ ရှင်သန်နိုင်ရေးအတွက် များစွာပံ့ပိုးကူညီပေးနေပါကြောင်း၊ ရာသီဥတုမျှတကောင်းမွန်စေပြီး မြေနှင့်ရေကို ထိန်းသိမ်းပေးခြင်းဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေမုန်တိုင်းကျရောက်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးပါကြောင်း၊ သစ်ပင်သစ်တောစိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်စေရန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သစ်ပင်သစ်တောများကို တိုးချဲ့စိုက်ပျိုးထိန်းသိမ်းသကဲသို့ တစ်ဖက်မှလည်း သစ်ပင်သစ်တောများ မပြုန်းတီးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်တောသစ်ပင်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် မယ်ဇလီ၊ စိန်ပန်း၊ ကုက္ကိုလ်၊ ပိတောက်နှင့် မဟော်ဂနီပင်စသည့် သစ်မျိုး ငါးမျိုး၊ စုစုပေါင်းအပင် (၁၃၅၀)ကို စိုက်ပျိုးကြရာ စုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေဖိုကျေးရွာ ဘက်စုံသုံးခန်းမ၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးရာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် တာဝန်ရှိသူများက ပြည်သူများအား ဆေးကုသပေးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ တိုင်းရင်းဆေးများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ခုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဆေးသိုလှောင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူနေသူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဟာရဖြစ် အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာသိမ့်သိမ့်ထွေးက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆေးရုံအတွင်း စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ခြင်၊ ယင် ပေါက်ဖွားမှုမရှိစေရေး၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်စေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် (၂)ရပ်ကွက်အတွင်းရှိ မှန်ကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆိုပါကျောင်းဝန်းအတွင်းရှိ လောကကြေးမုံစာကြည့်တိုက်တွင် လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုအား ကြည့်ရှုအားပေးပြီး စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ နွေနှမ်းစံပြစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းကို အသုံးမပြုဘဲ အစေ့ချကိရိယာ၊ ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သွင်းအားစုများကို စနစ်တကျထည့်သွင်းနိုင်ရေး၊ စိုက်ပျိုးရေကို အလေအလွင့်မရှိစေရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများ၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနေမှုနှင့် ထုတ်လုပ်နေမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တက်ရောက်လာကြသည့် တောင်သူများအား နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းမှ မိုးစပါးအတွက် ဓာတ်မြေဩဇာများကို ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် သပြေတန်းကျေးရွာအုပ်စု နွေနှမ်းစံပြစိုက်ခင်းတွင် နွေနှမ်းသီးနှံများ၊ ပဲတီစိမ်းနှင့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)
 
     
     
    