နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၇) ရက်နေ့ မွန်းလွဲပိုင်းကနေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊  နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကော်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ဒီကနေ့ပြုလုပ်သည့် အစည်းအဝေးရဲ့ရည်ရွယ်ချက်သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သဘာဝလွန် ဖြစ်ပေါ်လာနိုင်တဲ့ဘေးများကို ကြိုတင်ကာကွယ်နိုင်ဖို့နှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာမည့်ဘေးများကို ကြိုတင်ကာကွယ်တားဆီးမည့်အစီအမံများ ရရှိပြီး နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်ကို ပြုပြင်ရေးဆွဲနိုင်ရေး ဖြစ်ပါကြောင်း၊ မိမိတို့နေပြည်တော်သည် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူဦးရေ များပြားလာခြင်း၊ မြေယာသုံးစွဲမှုများ ပြောင်းလဲလာခြင်း၊ သစ်တော၊ သစ်ပင်များ ပြုန်းတီးလာခြင်းကြောင့် ဒီနှစ်မှာ အပူစံချိန်တွေချိုးခဲ့သလိုပဲ ထိစပ်နေတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးတွေမှာလည်း စံချိန်တင်ပူပြင်းခြင်း၊ သစ်တော၊ သစ်ပင်များ ပြုန်းတီးခြင်းကြောင့် အလယ်ပိုင်းဖြစ်တဲ့ နေပြည်တော်အပေါ်ကို သက်ရောက်မှု ရှိလာမှာဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအတွက် မဖြစ်ခင်က ကြိုတင်စီမံကာကွယ်ခြင်းက အကောင်းဆုံးဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ ရှိ/မရှိ ဆန်းစစ်ခြင်း၊ ဖြစ်နိုင်ခြေရှိရင် ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းတွေကို အစီအမံပြုလုပ်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့လည်း လိုပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများအနေနဲ့လည်း သဘာဝလွန်ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဖြစ်စဉ်များအပေါ် ကြိုတင်ကာကွယ်စီမံထားနိုင်ဖို့အတွက် မိမိတို့သိထားတဲ့အချက်အလက်၊ အတွေ့အကြုံတွေ ပေါင်းစပ်ပြီးတော့ ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝလွန်ဖြစ်ပေါ်လာသည့် ရာသီဥတုဖောက်ပြန်မှုဖြစ်စဉ်များ၏ နောက်ခံအကြောင်း အချက်များ၊ စီးပွားရေးဆိုင်ရာအချက်များ၊ ရာသီဥတုနှင့် ရေအရင်းအမြစ်ဆိုင်ရာအချက်များ၊ စီမံကိန်းနှင့် တည်ဆောက်ရေးဆိုင်ရာအချက်များ၊ လူမှုရေးဆိုင်ရာအချက်များအား သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)