စဉ့်ကိုင်မြို့နယ် အ.ထ.က (စွန်ရဲ) ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စဉ့်ကိုင်   ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင်     ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊  မြို့သန့်ရှင်းသာယာလှပစေရေးနှင့်  စိမ်းလန်းစိုပြေစေရေး၊  ကျောင်းဥပတိရုပ် ပိုမိုကောင်းမွန်လာစေရန်အတွက် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများ၌ ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို  စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၈ ရက်‌နေ့နံနက် (၇)နာရီအချိန်က  စွန်ရဲ‌‌ကျေးရွာအုပ်စု စွန်ရဲ(မြောက်)ကျေးရွာရှိ အ.ထ.က (စွန်ရဲ)ကျောင်း၌ ကျောက်ဆည်ခရိုင် တပ်နယ်မှူး  ဗိုလ်မှူးချုပ်သိန်းထွေး ဦးဆောင်သည့် တပ်ရင်းတပ်ဖွဲ့များမှ  အရာရှိစစ်သည် ရဲမေများ၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ဗိုလ်‌အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့၀င်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြည်သူ/သားများ ပူးပေါင်း၍  စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ပြည့်ဖြိုးအောင်တို့၏  အနီးကြီးကြပ်မှုဖြင့် တပ်ရင်းတပ်ဖွဲ့ အရာရှိ/စစ်သည်များ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ အကျဉ်းဦးစီးဌာနမှ  တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊  ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ ဒေသခံပြည်သူ/သားများ စုစုပေါင်းအင်အား (၅၃၀)ဦးတို့ ပူးပေါင်း၍ အ.ထ.က(စွန်ရဲ)ကျောင်း၏ အ၀င်ရှေ့မျက်နှာစာ လမ်းဘေး ဝဲယာများ၊ ဘောလုံးကွင်းနေရာ၊ စာကြည့်တိုက်ရှေ့၊ ကျောင်း၀င်းအတွင်းရှိ ကျောင်းဆောင်များ၏ ရှေ့နောက် ၊ဘေးဝဲယာများတွင် မြက်ပင်များ၊ နွယ်ပင်များ၊ ပေါင်းမြက်များ သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ၊ အမှိုက်များမီးရှို့ခြင်းလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြ‌ကြောင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်‌ နေသူများအား အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် အချိုရည်ဘူး၊ အာဟာရမုန့်များ၊ ရေသန့်ဘူးများ၊ ကောက်ညှင်းပေါင်း၊ မုန့်ပဲသုတ်များ စသည်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်)