အမရပူရ ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုဝင်ကလေးများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မိသားစုထိမ်းသိမ်းရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မေဝါကိုကိုက ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးညွန့်ဦးနှင့် မိသားစုစည်းရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မေဝါကိုကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်း ဒုတိယဦးစီးမှူး ဦးနေလင်းအောင်နှင့် ဒေါ်ခင်သန္တာဆွေတို့က ပညာသင်ကြားမည့် ကလေးများကို ထောက်ပံ့ငွေနှင့် ကျောင်းသုံးစာအုပ်နှင့် စာရေးကရိယာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယနေ့ ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲတွင် မူလတန်းကြို ၅ ဦး အတွက် ထောက်ပံ့ငွေတစ်ဦး ၁၅၀၀၀ ကျပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ ၂ ဒါဇင်၊ မူလတန်း ၂၁ ဦးအတွက် ထောက်ပံ့ငွေတစ်ဦး ၂၀၀၀၀ ကျပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခံတံနှစ်ဒါဇင်၊ အလယ်တန်း ၈ ဦးအတွက် ထောက်ပံ့ငွေ တစ်ဦး ၄၀၀၀၀ ကျပ်၊ စာအုပ်တစ်ဒါဇင်၊ ဘောပင် ၆ ချောင်း၊ အထက်တန်း ၇ ဦးအတွက် ထောက်ပံ့ငွေ တစ်ဦး ၅၀၀၀၀ ကျပ်၊ စာအုပ်တစ်ဒါဇင်၊ ဘောပင် ၆ ချောင်း၊ တက္ကသိုလ် ၁၃ အတွက် ထောက်ပံ့ငွေ တစ်ဦး ၆၀၀၀၀ ကျပ်၊ စာအုပ်တစ်ဒါဇင်၊ ဘောပင် ၆ ချောင်းတို့ကို ထောက်ပံပေးခဲ့ကြောင်း သိရသည်။ ယနေ့ထောက်ပံ့သည့် ကျောင်းသားဦးရေ ၅၄ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
စိုးသီဟ(အမရ)