သာစည်မြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

သာစည် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ်စိုက်ထူဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး အမှတ်(၁)ရပ်ကွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနီး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ အသိပညာပေး နံရံကပ်စာစောင်များ၊ ပိုစတာများနှင့်လက်ကမ်းစာစောင်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြတ်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်နှင့် ဦးစိုးဝင်းအောင်တို့က ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက်တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက်တက်ရောက်လာကြသော မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့ဝင်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ အသိပညာပေးနံရံကပ်စာစောင်များ၊ ပိုစတာများနှင့်လက်ကမ်းစာစောင်များကို ဖြတ်သန်းသွားလာနေသည့် ပြည်သူများထံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်