ဗဟန်းမြို့တွင် အမျိုးသမီးသင်္ဘောသားများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဟောပြောပွဲကျင်းပ

ရန်ကုန် ဇွန် ၈                     

အမျိုးသမီးသင်္ဘောသားများ ဗဟုသုတတိုးပွားစေရန် အပျော်စီးသင်္ဘောနှင့် ခရီးသည်တင် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်မည့် အမျိုးသမီးသင်္ဘောသားများ ဗဟုသုတတိုးပွားစေ ရန်အတွက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ ဦးဆောင်ပြီး "အမျိုးသမီးသင်္ဘောသားများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ" ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာသည်နှင့် အတူ ပင်လယ်ကူးသင်္ဘောများတွင် သွားရောက်လုပ်ကိုင်ကြမည့် အမျိုးသမီးများအတွက် ပွဲစားများ၏ လိမ်လည်မှုများမဖြစ်ပေါ်စေရန်နှင့် သင်္ဘောတက်ပြီး အလုပ်ကိုင်ကြမည့်သူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိစေရန် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အပျော်စီးသင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်ရင်း အသက်မွေးဝမ်းကြောင်းပြုနေသည့် အမျိုးသမီးသင်္ဘောသား မနော်အယ်ဒီးနာစန်းကသင်္ဘောပေါ်တွင် ကြုံတွေ့ရမည့် အတွေ့အကြုံ များ၊ ဘာသာစကားနှင့် တွေ့ကြုံရနိုင်သည့်အခက်အခဲများ၊ အမျိုးသမီးသင်္ဘောသားများကဏ္ဍ အလိုက် ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များကို ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်ကြရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာအမျိုးသမီးအများစုက အပျော်စီးသင်္ဘောတွေပေါ်မှာ ဟိုတယ်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ၂၀၀၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကနေ ရွေ့လျားသွားလာနေတဲ့ သင်္ဘောတွေမှာ တာဝန်ထမ်း ဆောင်သူမည်သူမဆို သင်္ဘောသား အလုပ်သမားအဖြစ် သတ်မှတ်လိုက်တဲ့အတွက် အမျိုးသမီး သင်္ဘောသားတွေဖြစ်လာကြကြောင်းနှင့် ယခုအခါတွင် ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် သင်တန်းတွေတက်ပြီး သင်္ဘောသား ပတ်စပို့ကိုင်ပြီး ပြည်ပထွက်အလုပ်လုပ် ကိုင်နေသည့် အမျိုးသမီးသင်္ဘောသား (၇၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။

ပင်လယ်ကူးသင်္ဘောသားများအနေဖြင့် အခက်အခဲများရှိလာပါက မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်တွင် လာရောက်ဆွေးနွေးတိုင်ပင်နိုင်ကြောင်းနှင့် ယနေ့ ပြုလုပ်သည့် ဟောပြောပွဲသို့ သင်္ဘောတက်ရောက်ရန် ပြင်ဆင်နေသည့် အမျိုးသမီး(၆၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)