သီပေါ ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ် (၇) အခြေခံပညာမူလတန်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ်အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းက မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက ပေါက်ကွဲစေ တတ်သော ပစ္စည်းများ၊မိုင်း၊ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေနိုင်သော စစ်လက်နက်အကြွင်းအကျန်များအကြောင်း၊ အဆိုပါပေါက်ကွဲစေနိုင်သော ပစ္စည်းများကြောင့် ဘေးအန္တရာယ်ကျရောက် ထိခိုက်နိုင်မှုများကို ဗီနိုင်း ၊ ပိုစတာများဖြင့် ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မိုင်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်းနှင့် အဆိုပါ မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသော အခြေခံပညာကျောင်းများတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြိုနယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ခင်လေး(ပြန်/ဆက်)